ကယားပြည်နယ် ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄)တက်ရောက် ၊ မြို့နယ်အတွင်း ရေဝင်ရောက်သည့်နေရာများ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ ကြည့်ရှု

လွိုင်ကော်      စက်တင်ဘာ   ၁၉

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ကျော်လွှားနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း ၊ ရေများထပ်မံ မြင့်တက်မှုရှိပါက ပြည်သူများအား ကြိုတင်အသိပေးခြင်း ၊ ကူညီကယ်ဆယ်ခြင်း ၊ ရေဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနိုင်ရေးနှင့် ရပ်ကွက်အလိုက် ရေဘေးကွပ်ကဲရေး ရုံးများ ဖွင့်လှစ်နိုင်ရေး ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရေး ၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ၌ စနစ်တကျနေရာ ချ ထားရေး ၊ အစားအသောက် ၊  ရေ ၊ မီး ၊ သန့်စင်ခန်းများ ၊ အုပ်ချုပ်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရန် စီမံဆောင်ရွက်ရေး ၊ ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်ကျေးရွာ များရှိ အိမ်ထောင်စုများနှင့်စပ်လျဉ်း၍ အခြေခံစာရင်း အချက်အလက်များ မှန်ကန်စွာရရှိရေး ဆောင်ရွက်ကြရန်  ” ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများနှင့် ကြိုတင်စီမံဆောင်ရွက် ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ပေါင်းစပ်ဆောင်ရွက်ရ မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

စူပါတိုင်ဖွန်းမုန်တိုင်း(ရာဂီ)နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ရေများသည် မိုးဗြဲရေလှောင်တမံအတွင်းသို့လည်းကောင်း ၊ ထိုမှတစ်ဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သဖြင့် ယခုလ (၉)ရက်နေ့မှစ၍ မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ပြီး “ရေ ၊ မီး ၊ သန့်စင်ခန်းများ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ အုပ်ချုပ်မှုနှင့် လုံခြုံရေးကိစ္စများ လစ်ဟင်းမှု မရှိစေရေးဆောင်ရွက်သွားကြရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက်မြို့နယ် အတွင်း ရေဝင်ရောက်သည့် နေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာလူနှင့်တိရိစ္ဆာန် များ သေဆုံးမှု ၊ ပျောက်ဆုံးမှု မရှိစေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား အစုအဖွဲ့လိုက် မျက်ခြည်မပြတ် ဆောင်ရွက်သွားကြရန်” မှာကြားသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာသနာ့ဗိမာန်တော်ကြီး၏ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ၊ ချက်ပြုတ်ကျွေးမွေးသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကာ ရေထပ်မံဝင်ရောက်လာပါက ကယ်ဆယ်ရေးစခန်း ကြိုတင်ပြင်ဆင် မည့် မိုဃ်းကောင်းဘုရားကြီးရှိ ဓမ္မာရုံ ၊ စေတီပုထိုးနှင့် ပုဗ္ပါရုံပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းဝန်း အတွင်းပြင်ဆင်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး ပုဗ္ပါရုံပရိယတ္တိ စာသင်တိုက် ဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်အဆိုပါ ကြိုတင် ပြင်ဆင်မည့် ကျောင်းတိုက်များအတွင်း သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်” မှာကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် မင်းကျောင်းပရိယတ္တိ စာသင်တိုက် များအတွင်း ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာ ကြားခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)