ထားဝယ် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ အင်အားသည်အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက် အမျိုးသမီးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ချမှတ်လိုက်သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို အခြေခံပြီး ဒေသတွင်းမှာရှိသော အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များအနေဖြင့် မိမိ၏ တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် တိုင်းဒေသကြီးအတွင်းမှာရှိသော အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များ၏ အကျိုးစီးပွားကို ရှေးရှုပြီး ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခွင့်အရေးများ ပြည့်ဝစွာ ရရှိနိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် တိုင်းဒေသကြီးကော်မတီဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် တင်ပြဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးငယ်များအား ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်