ချောင်းသာမြို့တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်

ချောင်းသာ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က ချောင်းသာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးထွန်းအောင်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ် မှန်သွားတိုက်ခြင်းတို့ကိုလည်းကောင်း မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အကြောင်းကိုတို့ကို အသိပညာပေး‌ဟောပြောခဲ့သည်။

အဆိုပါကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို တိုက်နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.လ.က ချောင်းသာတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အ.လ.က ချောင်းသာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ချောင်းသာ(ပြန်/ဆက်)