ပုသိမ် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ချုပ်ရေး အဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုလအတွင်း တိုင်ဖွန်းမုန်တိုင်း“ရာဂီ” အရှိန်ကြောင့် မြန်အောင်ခရိုင်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်းနှင့် ထိခိုက်ပျက်စီးမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ သဘာဝဘေးဖြစ်စဉ်များကို နမူနာယူသုံးသပ်၍ ပျက်စီးဆုံးရှုံးမှုနည်းစေရေး သင်ခန်းစာများ ရယူရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် မိုးလေဝသ သတိပေးထုတ်ပြန်ချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ အသိပေးထုတ်ပြန်ပေးလျက်ရှိပြီး လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ လိုအပ်သည့်ပြင်ဆင်မှုများ၊ စုဖွဲ့မှုများဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပါက ထိခိုက်မှုများကိုလည်း လျော့နည်းစေမည် ဖြစ်ပါကြောင်းနှင့် သဘာဝဘေးဖြစ်ပေါ်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ လက်ရှိဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများနှင့် ခန့်မှန်းချက်အခြေအနေများ၊ တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရေဘေး၊ လေဘေး၊ မြေပြိုဘေးစသည်တို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ ဘေးအန္တရာယ်ဖြစ်ပေါ်ရာဒေသများတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှု များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့မှ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စက်များ၊ ရေသန့်ဆေးပြားများ စုဆောင်းထားရှိမှု အခြေအနေများနှင့် ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးအပ်ခဲ့မှု အခြေအနေများ၊ တိုင်းဒေသကြီး ပညာရေးမှူးမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများ၊ အစားထိုးသင်ကြားနေမှု အခြေအနေများနှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ လမ်းများပျက်စီးမှုရှိပါက အချိန်မီပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်ဧရိယာ၊ ရေနံ့သာဧရိယာ၊ ညောင်တုန်းဧရိယာတွင် ( Emergency Response Equipment Mini Fleet ) အဖွဲ့သုံးခု စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် ပြန်လည်စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)