နတ်မောက်မြို့နယ်တွင် ပဲစင်းငုံသီးညှပ်သီးသန့်များ သတ်မှတ်လျာထားချက်ထက်တိုးချဲ့စိုက်ပျိုး

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ပဲစင်းငုံ သီးညှပ်သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေး ဒေသခံတောင်သူများက မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်နှင့် ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ကျ ဝန်ထမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံ သီးညှပ်သီးသန့်အနေဖြင့် လျာထားဧက (၃၇၅၅၂) ဖြစ်ပြီး ယခုလက်ရှိစိုက်ပျိုးပြီးဧကမှာ (၃၈၃၉၃) ရှိ၍ သတ်မှတ်ဧကထက် တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ “ကျွန်မတို့မြို့နယ်အနေနဲ့ ယခုလိုပဲစင်းငုံ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရခြင်းရည်ရွယ်ချက်ကတော့ ပဲစင်းငုံ သီးနှံသည်  ကုန်ကျစရိတ် အနည်းငယ်သာအသုံးပြုရပြီး ဈေးကွက်ကောင်းရရှိပါက ဒေသနှင့်ကိုက်ညီ၍ တစ်ဧက အကျိုးအမြတ်အများဆုံးရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့က ပြောသည်။

မူမူစန်း