မုံရွာ စက်တင်ဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ် နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Center) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများကို လည်းကောင်း အသီးသီးလက်ဝယ်အရာက် ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးနောက် သင်တန်းသူများ၏ လက်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မုံရွာမြို့ပေါ် ရပ်ကွက်များမှ သင်တန်းသူ (၁၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာမ ၂ ဦးက အခြေခံစက်နင်းနည်းမှစ၍ ကိုယ်တိုင်းနည်း၊ ပက်တန်ဆွဲနည်း၊ အဆင့်ဆင့်ချုပ်နည်းများကို သင်တန်းသူ ၁၄ ဦးအား ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ အပိုင်းလိုက်စနစ်တကျ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း အဆိုပါ သင်တန်းသူများအား စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့တွင် ဖွင့်လှစ်မည့် အဆင့်မြင့်စက်ချုပ်နည်းသင်တန်းသို့ တက်ရောက်သင်ကြားကာ သင်တန်းတွင် ထူးချွန် (၅)ဦးကို စနစ်တကျ ရွေးချယ်ပြီး စီမံကိန်းကြီးကြပ်ရေးးကော်မတီ၏ စီစစ်ရွေးချယ်ပေးမှုဖြင့် လုပ်ငန်းသုံးပစ္စည်းများကို (၃)နှစ် အခမဲ့ငှါးရမ်းသုံးစွဲ ခွင့်ပြုသွားပေးမည်ဖြစ်ပြီး စဥ်ဆက်မပြတ်လုပ်ငန်းများ လုပ်ကိုင်သွားပါက အပြီးအပိုင် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)