ပဲခူး စက်တင်ဘာ ၁၈
ပဲခူးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ပဲခူးမြို့နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး ဒေါ်ဝင်းဖြူဖြူ၊ ဒုတိယခရိုင်ဦးစီးမှူးဦးကျော်မြင့်နိုင်၊ ပဲခူးမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးမြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးဦးတင်အေးက ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ တစ်အိမ်တက်ဆင်းကောက်ယူသွားမည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ(၁၇)ရက်နေ့မှ(၂၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၃၃၆)ဦး တက်ရောက်ကာ နည်းပြဆရာ(၂၂)ဦးတို့က စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့၌ စာရင်းကောက်ယူရာတွင် ပဲခူးမြို့နယ်အတွင်း၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၆) အုပ်စု၊ ကောက်ကွက်ပေါင်း (၈၇၄) တို့၌ စာရင်းစစ်၊ စာရင်းကောက်များဖြင့် စနစ်တကျကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)