တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တောင်တွင်းကြီး စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(community centre)ခန်းမ၌ ယမန်နေ့ နေလယ် (၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်မည့် အစီအစဥ်များ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပမည့်နေရာများ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ပြုလုပ်မည့်အစီအမံများ၊ လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်းများပြုလုပ်မည့် အစီအမံများ၊ ပြပွဲများဆောင်ရွက်မည့်အစီအမံများ၊ ကျောင်းအလိုက်သိပ္ပံလက်တွေ့ခန်းများ ဆောင်ရွက်ရမည်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)