စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှစ်(၆၀)ပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ သလ္လာရတနာခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/သူနာပြုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်(၄)ရပ်၏စတုတ္ထအပိုဒ်တွင် ပါဝင်သည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် တာဝန်အား လိုက်နာသည့်အပြင် “သင့်သွေး တစ်စက်ဖြင့် အသက်ကယ်ပါ”ဟူသော ဆောင်ပုဒ်နှင့်အညီ သွေးလှူဒါန်းပေးကြသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ယခုလှူဒါန်းသည့်သွေးများကိုလည်း ပြည်သူလူထုအတွက် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းကြောင့် ပြည်သူလူထုအနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မည်လို့ ယုံ ကြည်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ဒုက္ခရောက်သူအား တော်တည့်မှန်ကန်စွာ ဖေးမကူညီတတ်သည့် ပြည်သူလူထုမှလိုလားသော ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာကြစေရန် ကြိုးပမ်းစွမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက စုပေါင်းသွေးလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၅၅ ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများ အသီးသီးပေးအပ် ကာ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ် ၄ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံ၌ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်း ၃၅ ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နှစ်(၆၀)ပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေ သကြီး/ခရိုင်/မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့်ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)