ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး စက်တင်ဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချေးငွေလျှောက်ထားသည့် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ  တက်ရောက် ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်(၉)ရပ်မှ စီးပွားရေးဦးတည်ချက်တစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့်အကျုုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဟူသောအချက်နှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း များ၏သက်သာချောင်ချိရေးကိုလည်း အထောက်အကူပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက် မည့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးနိုင်ရေး စီစဉ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ချေးငွေထုတ်ပေးခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများက တစ်နိုင် တစ်ပိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိသားစုဝင်ငွေတိုးတက် ခြင်း၊ စိုက်ပျိုးမွေးမြူခြင်းမှ ထွက်ရှိလာသည့် အသားနှင့်သီးနှံများကိုလည်း စျေးကွက်အတွင်း ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုတိုးတက်လာသည်နှင့်အညီ ကုန်စျေးနှုန်း တည်ငြိမ်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအနေဖြင့် ချေးငွေများကိုအကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း  အမှာစကားပြောကြားသည်။

ယင်းနောက်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးက ချေးငွေဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ထံသို့ ရန်ပုံငွေများ ပေးအပ်ပြီး၊ ဟားခါးမြို့နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အစုအဖွဲ့ခေါင်းဆောင် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရာလ်ကျုံးထံသို့ ရန်ပုံငွေများပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဟားခါးမြို့နယ်ရှိ အစိုးရဌာန/ အဖွဲ့အစည်း ( ၂၀ ) ခုမှ ဝန်ထမ်း ( ၁၅၂ ) ဦးအား စုစုပေါင်းချေးငွေ ၂၄၉၅ ဒဿမ ၅ သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)