ကျုံပျော် စက်တင်ဘာ ၁၉
လူငယ်များ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန် ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုစကားဝိုင်း ဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ လာမည့်ဆွေးနွေးပွဲများတွင် မိမိတို့ပါ ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားကြရန်နှင့် အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ပညာ၊ ဗဟုသုတ ပြည့်စုံကြသူများ ဖြစ်နိုင်ရေး ကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သူများ၏စံနမူနာ ယူသင့်သည့် အလေ့အကျင့်များကို ဗလငါးတန်ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။
ထို့နောက် (Grade -11)မှ မသူသူဝေ၊ (Grade -11) မှ မောင်အားသစ်၊ (Grade-12)မှ မောင်ရှိုင်းစိုးမိုးအောင် နှင့် (Grade-12)မှ မမေမြတ်နိုးနှင့် (Grade-12)မှ မောင်ရှိုင်းထက်အောင်တို့က လူငယ်နှင့်ဘဝမျှော်လင့်ချက်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးစသည့် အကြောင်း အရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ဆက်လက်၍ စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ သောင်ကြီးကျေးရွာအ.ထ.ကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)