ကျောင်းကုန်းမြို့နယ် အ.ထ.က(ခွဲ)ရင်ဆိုင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရင်ဆိုင်အုပ်စု၊ ရင်ဆိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်ကလူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ အားကစားပစ္စည်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးထက်ဝေဖြိုးက လက်ခံရယူခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်စည်းကမ်းကဏ္ဍအား (Grade-11)မှ မထက်ထက်ဝေကလည်းကောင်း လူငယ်နှင့်အားကစားကဏ္ဍအား (Grade-11)မှ မစုပုံချစ် ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား (Grade-11)မှ မောင်ပြည့်စုံဦးကလည်းကောင်း၊ လူငယ်နှင့်နည်းပညာကဏ္ဍအား (Grade-10)မှ မောင်ထက်လှိုင်ဝင်းကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဦးစီးရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းရာ ကျောင်းအုပ် ဆရာကြီးက လက်ခံရယူခဲ့သည်။ အခမ်းအနားအပြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)