ဘားအံမြို့နယ်တွင် ကောက်ကွက် (၈၅၅) ကွက်၊ စာရင်းစစ်၊ စာရင်းကောက် (၃၉၀) ဦးဖြင့် သန်းခေါင်စာရင်း ကောက်မည်

ဘားအံ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အိမ်ထောင်စုစာရင်းကောက်ကွက်ပေါင်း (၈၅၅)ကွက်၊ စာရင်းစစ်(၉၈) ဦး၊ စာရင်းကောက်(၂၉၂)ဦး စုစုပေါင်းစာရင်းစစ်/စာရင်းကောက်(၃၉၀)ဦးဖြင့် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲမှ သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က သင်တန်းမှသင်ကြားပို့ချမှုများအပေါ် သေချာစွာ လေ့လာမှတ်သားပြီးမှသာ မြေပြင်အရောက်တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေချောမွေ့အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပေးအပ်သည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့် ပေါင်းစပ်ပြီးလုပ်ငန်းကိုအောင်မြင်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်းဆိုင်ရာ ပညာပေး Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော် မတီအတွင်းရေးမှူး (ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးက သန်းခေါင်စာရင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ  အကြောင်းအရာများနှင့်  သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများကို ခရိုင်အဆင့်နည်းပြသင်တန်းဆင်းများက သင်တန်းသား၊ သင်တန်းသူများအား စက်တင်ဘာ ၁၇ မှ ၂၇ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့  သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုကောက်ယူသွားမည် ဖြစ်ကာ Mobile Tablet များဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)