ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ဘားအံ စက်တင်ဘာ ၁၈

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင် ရေးတို့ကိုရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင် ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ခလောက်ထောင် ကျေးရွာအုပ်စုမှဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ကျေးရွာသားများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများက ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးကောင်ရေ ငါးသောင်း၊ ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ စုစုပေါင်း ငါးကောင် ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါး လုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ (ခုနှစ်သိန်းနှစ်သောင်း) ကျော်ကိုထုတ်လုပ်၍ ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲ(၆)ကြိမ်ဖြင့် ငါးသားပေါက် ကောင်ရေ(၆၀၀၀၀၀)ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခလောက်ထောင်ရေလျှံကွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော အကျယ် ၆ ပေ၊ အမြင့် ၁၂ ပေရှိ ရေတံခါးသုံးပေါက်ပါဝင်သော ခလောက်ထောင်ရေတံခါးအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အတွင်း ရေဘေးကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းသည့်အခမ်းအနားကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ပြီး အများပြည်သူရေဘေးသင့်ခဲ့ကာ ရေဘေးစခန်းများဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ရကြောင်း၊ ယခုကဲ့သို့ လာရောက်လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် အလှူရှင် CB Bank မှ ငွေကျပ်သိန်း(၂၀၀)၊ KNU/KNLA(PC) မှ ငွေကျပ်သိန်း(၅၀)တို့ကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)