တနင်္သာရီမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်

တနင်္သာရီ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း စာရင်းကောက်ယူကြမည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ “စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ”အခမ်းအနားကို တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယမန်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်းသို့  အမှတ်(၂) စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တနင်္သာရီမြို့နယ် ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ စာရင်းစစ်များ/စာရင်းကောက်များ အင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီမြို့နယ် အမှတ်(၂) စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူက သင်တန်းအဖွင့် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ် ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းညွန့်က သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း အသုံးဝင်ပုံနှင့် သန်းခေါင်စာရင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းကို စက်တင်ဘာလ၁၇ ရက်မှ ၂၈ ရက် အထိ သင်တန်းကာလ ၁၂ ရက်တာအတွင်း “လူဦးရေသန်းခေါင်စာရင်း၊ အဓိကမူများနှင့် အဓိပ္ပါယ်သတ်မှတ်ချက်၊ သန်းခေါင်စာရင်းလုပ်ငန်းအချိန်ဇယား၊ စာရင်းစစ်/စာရင်းကော်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ စာရင်းကောက်ကွက်မြေပုံများ၊ မေးခွန်းပုံစံဖွဲ့စည်းတည်ဆောက်ပုံ၊ မေးခွန်းတစ်ခုချင်းအလိုက် အသေးစိတ်ရှင်းလင်းချက်များ၊ အဖွဲ့အစည်းမေးခွန်းပုံစံတွင် ဖြည့်သွင်းရမည့် ညွှန်ကြားချက်များ၊  လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များ၊ တွေ့ကြုံရမည့် အခက်အခဲ ပြဿနာများ” စသည့် ခေါင်းစဉ် ၁၀ မျိုးဖြင့် သင်ခန်းစာများကို နည်းပြ ၃ ဦးက သင်တန်းသူ/သား ၁၀၅ ဦးအား စာတွေ့နှင့်လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ ကောက်ကွက် ၂၇၉ ကွက်ရှိပြီး စာရင်းစစ် ၂၃ ဦးနှင့် စာရင်းကောက် ၈၅ ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့က ၂၀၂၄ခုနှစ်၊ အောက်ဆိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းများကို ကောက်ယူကြမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်ထံက သတင်းရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)