ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ တော်သလင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ပွဲ ကျင်းပ

ကလိန်အောင် စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ တော်လပြည့်နေ့ ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပွဲသို့ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက်မှ ဆရာတော် အရှင်သုစိတ္တနှင့် ပင့်သံဃာတော် (၄)ပါး၊ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်‌ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်များမှ မေတ္တာသုတ် တရားရွတ်ဖတ်ပူဇော်ကာ ရေစက်ချအနုမောဒနတရား နာယူကြည်ညိုကြ၍ ဆရာတော်၊ သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)