တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ ငွေကျပ်သိန်း (၁၁၀) လာရောက်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ ယမန်နေ့မွန်းလွဲပိုင်းက ရေဘေးကယ်ဆယ်ရေးအလှူတော်ငွေကျပ်သိန်း (၁၁၀) ကျပ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ရေဘေးကယ်ဆယ်ရေးအလှူတော်ငွေ ကျပ်သိန်း (၁၀၀)နှင့် တောင်ငူမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဝေဠုဝန်သာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တအာစိဏ္ဏက ငွေကျပ် (၁၀) သိန်းပေးအပ်လှူဒါန်းရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချို၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာကွပ်ကဲမှုအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ယနေ့အထိ ရေဘေးအလှူတော်ငွေကျပ်သိန်း (၈၉၆၇ဝဝဝဝ) ကျပ်နှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစားနှင့်စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းလက်ခံရရှိခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)