ပုသိမ် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအားအချိန်မီစိုက်ပျိုးနိုင်ရေးနှင့်စိုက်ဧက ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ တောင်သူ ဦးကျော်ဝင်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး စိုက်ဧက(၄)ဧကတွင် မနောသုခ စပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်ကုစားမှု အခြေအနေများနှင့် မျိုးစပါး၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့်အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပုသိမ်မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မကြာခင်ကောက်ယူတော့မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့် (၃)နှစ်ကတည်းကစတင်၍ အချိန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နည်းပညာများ တိုးတက်လာသောကြောင့် ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့်မတူဘဲ နည်းပညာ အသုံးပြုစာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို နိုင်ငံတစ်ဝှမ်း တစ်ပြိုင်တည်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုလ(၂၈)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍ အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းသား ဆရာ/ဆရာမများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပုသိမ်မြို့နယ်အနေဖြင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၀၇)ဦးဖြင့် ယခုယ(၁၇)ရက်နေ့မှစ၍ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)