သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း စက်တင်ဘာ ၁၈

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံး၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်က သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း အသုံးဝင်ပုံနှင့် သန်းခေါင်စာရင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် ကော်မတီဝင်များက သင်တန်းသား/သူများအား သန်းခေါင်စာရင်း အထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်း၊ သင်တန်းနည်းပြများနှင့် မိတ်ဆက်ခြင်း၊ သန်းခေါင်စာရင်းဆိုင်ရာ လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခဲ့ပြီး‌နောက် မြို့နယ်သန်းခေါင်စာရင်း‌ ကော်မတီနှင့် သင်တန်းနည်းပြများဖြင့် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနား ရုပ်သိမ်းလိုက်သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သင်တန်းကို စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်အထိ သင်တန်းကာလ ၁၂ ရက်တာအတွင်း လူဦးရေသန်းခေါင်စာရင်း၊ အဓိကမူများနှင့် အဓိပ္ပါယ်သတ်မှတ်ချက်၊ သန်းခေါင်စာရင်း လုပ်ငန်းအချိန်ဇယား၊ စာရင်းစစ်/စာရင်း ကောက်များ၏ အခန်းကဏ္ဍနှင့်တာဝန်များ၊ စာရင်းကောက်ကွက်မြေပုံများ၊ မေးခွန်းပုံစံ ဖွဲ့စည်းတည်ဆောက်ပုံ၊ မေးခွန်းတစ်ခုချင်းအလိုက် အသေးစိတ်ရှင်းလင်းချက်များ၊  အဖွဲ့အစည်း မေးခွန်းပုံစံတွင် ဖြည့်သွင်းရမည့် ညွှန်ကြားချက်များ၊ လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များ၊ တွေ့ကြုံရမည့် အခက်အခဲ ပြဿနာများ စသည့် ခေါင်းစဉ်များဖြင့် သင်ခန်းစာများကို နည်းပြ ၆ ဦးတို့က သင်တန်းသား/သူများအား စာတွေ့နှင့် လက်တွေ့နည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)