ကလိန်အောင် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်း၌ ယမန်နေ့ (တော်သလင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီက ဆီနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့သည်။
အဆိုပါ ဆီနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ၊ စေတနာရှင် အလှူရှင်များက စုပေါင်း ၍ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီ အောင်တော်မူဝတ်ပြုကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်းတို့မှ ဆရာတော်အရှင်သုစိတ္တ ဦးဆောင်၍ ပင့်သံဃာတော်(၁၈)ပါးများအား ဆီ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင် တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များမှ မေတ္တာသုတ်တရားရွတ်ဖတ်ပူဇော်ကာ ရေစက်ချအနုမောဒနတရားနာယူ ကြည်ညိုကြ၍ ဆရာတော်၊ သံဃာတော်များအား ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)