သရက်ချောင်း စက်တင်ဘာ ၁၈
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခုလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြခြင်းနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာရပါက လက်တွေ့အသုံးချနိုင်ရန် ဂရုတစိုက် နားထောင်စေလိုကြောင်း ပြောကြားခဲ့သည်။ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေးအကြောင်းဟောပြောရာရေဘေးအတွက် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင်လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေဘေးအန္တရာယ်ကြုံတွေ့လာရလျှင် အရေးပေါ်သုံးပစ္စည်းများအကြောင်းကို အကျယ် တဝင့် ဟောပြောပြီးနောက် လက်ထောက်ဦးစီးမှူး ဦးသန်းရွှေဝင်းက မုန်တိုင်းဘေးနှင့် မြေပြိုဘေးအကြောင်း အကျယ်တဝင့် ဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ရေဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန် မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မိမိအိမ်နှင့်နီးစပ်ရန် ကယ်ဆယ်ရေးပစ္စည်းများ အသုံးချတက်စေရန် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာစောင်များခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရပြီး အဆိုပါအခမ်းအနားသို့ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)