ဖြူး စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းမြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကောက်ယူမည့်နည်းစနစ်များ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအား သန်းခေါင်စာရင်းကောက်ယူနိုင်ရေးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ဖြူးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်၊ ဆရာ/ဆရာမများအနေဖြင့် စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ရာ အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၉)ရက်နေ့ထိ စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမ(၁၂၄)ဦးအား တောင်ငူခရိုင်တွင် သင်တန်းတက်ရောက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်(၉)ဦးမှ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)