မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဉက္ကဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရပြီး ယခုလိုဆုံးရှုံးမှုများသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကလေးလူငယ်များ များစွာပါဝင်နေခြင်းကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မော်တော်ဆိုင်ကယ် အသုံးပြုမှုများပြားသည့် နိုင်ငံဖြစ်သည့်အတွက် မော်တော်ဆိုင်ကယ်တိုက်မှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများပြားနေခြင်းကိုလည်း အမြန်ဆုံးတားဆီး ထိန်းချုပ်ကာကွယ်နိုင်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်း အသုံးပြုသူတိုင်း တည်ဆဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာတတ်စေရန် ပညာပေးစည်းရုံး ဆောင်ရွက်ကြရမည့်အပြင် မော်တော်ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်စေရန် ဝတ်ဆင်မောင်းနှင်ရာတွင် အရည်အသွေး ပြည့်မီသည့် မော်တော်ဆိုင်ကယ်စီးဦးထုပ်များအား ရွေးချယ် အသုံးပြုကြစေရန် အသိပညာပေးခြင်များဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီဝင်အဖွဲ့ဝင်များအနေဖြင့် ခရိုင်/မြို့နယ်/မြို့၊ ကျေးလက်မကျန် ပြည်သူ များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အမှန်တကယ် သိရှိနားလည်လိုက်နာဆောင် ရွက်တတ်စေရန် National Road Safety Action Plan လုပ်ငန်းစဉ်များအား ဒေသ အခြေအနေနှင့်လျော်ညီစွာ ဦးစားပေးအစီအစဉ်များ ချမှတ်ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှု၊ အရေးယူမှုများအား တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးတို့က တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ယာဉ်တိုက်မှုဖြစ်ပွားမှု အခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းစီးမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များက မိမိတို့ကော်မတီများအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်/မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဖြည့်စွက် ဆွေးနွေးအကြံပြု တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)