ရွှေဘို စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ကျီတော်စုရပ်ရှိ ရတနာသိင်္ဃသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ၂၀၂၃ ခုနှစ် စူဠဘွဲ့နှင်းသဘင် စာအောင်လက်မှတ်နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကိုယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ ဘဒ္ဒန္တဝိဿုတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသလင်္ကာရာဘိဝံသနှင့် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ၊ စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်အောင်နှင့် အရာရှိစစ်သည်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ ဘဒ္ဒန္တဝိဿုတထံမှ ၅ ပါးသီလ ခံယူဆောက်တည်ခဲ့ပြီး၊ ဆရာတော်ကြီးများမှ အန္တရာယ်ကင်း တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တက်ရောက်လာသူများမှ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဓမ္မာစရိယတန်းအောင် သံဃာတော်(၁၆)ပါး၊ ပထမကြီးတန်းအောင်သံဃာ(၈)ပါး၊ ပထမလတ်တန်းအောင် သံဃာ(၁၂)ပါး၊ ပထမငယ်တန်းအောင် သံဃာ(၂၅)ပါး၊ အခြေပြုမူလတန်းအောင်သံဃာ(၅၁)ပါး စုစုပေါင်း (၁၁၂)ပါးတို့အား တက်ရောက်လာသူများမှ စာအောင်လက်မှတ်၊ ဝတ္တုငွေနှင့် ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသလင်္ကာရာဘိဝံသမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားဟောကြားချီးမြှင့်၍ အလှူရေစက်သွန်းချ အမျှပေးဝေခြင်း ပြုလုပ်ကာ၊ ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်ပြန်/ဆက်