ထားဝယ် စက်တင်ဘာ ၁၈
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို မိမိတို့အားလုံး၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် စွမ်းဆောင်နိုင်မှု မှတ်တိုင်အဖြစ်ပြသနိုင်မှာဖြစ်သည့်အတွက် အဆင့်ဆင့်သော သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံး အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ထားဝယ်ခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသက်စိုးက ရှင်းလင်းပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား/သူ ၉၄ ဦးအား သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ၊ သင်တန်းနည်းပြများအတွက်လမ်းညွှန်ချက်နှင့် မှတ်သားထားရမည့်အချက်များ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်အခန်းကဏ္ဍနှင့်တာဝန်များ၊ CAP စနစ်မိတ်ဆက်သင်ခန်းစာ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်း၊ လုပ်သားအင်အားနှင့် မသန်စွမ်းမှု အကြောင်းအရာ၊ အဖွဲ့အစည်းအားစာရင်းကောက်ယူခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းမှ အညွှန်းကိန်းများစသည်တို့ကို စက်တင်ဘာ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)