တောင်တွင်းကြီးမြို့နယ်တွင် ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခွန်အသိပညာပေးရှင်းလင်းပွဲတွင် တောင်တွင်းကြီးမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေမည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (စျ)အရ ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည့်အကြောင်း အခွန်ဆိုင်ရာ သိကောင်းစရာများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး အဆိုပါ အခွန်အသိပညာပေးဆွေးနွေးပွဲသို့ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင် (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)