နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲစခန်းမှူး ဒု-ရဲမှူးသန်းထွန်းကအနာဂတ်၏ သားကောင်းရတနာများဖြစ်သည့် ကျောင်းသား/သူများအနေဖြင့် ကျောင်းနေအရွယ်တွင် ကျောင်းစာများကို စိတ်ပါဝင်စားစွာလေ့လာသင်ယူစေချင်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင်ကြိုးစားစေချင်ပါကြောင်း၊ လူငယ်များဖြစ်သည့်အတွက် ကျန်းမာရေးကိုထိခိုက်နိုင်စေသည့် ဆေးလိပ်၊ ကွမ်းယာ၊ အရက်သေစာများ သုံးစွဲမှုမပြုကြရန်နှင့်လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက ကျား/မရေးရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုနှင့် လူကုန်းကူးမှုတားဆီးကာကွယ်ရေးဥပဒေများအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲစခန်းမှူး ဒု-ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။
လှဝင်း