မင်းလှမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စာရင်း စစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

မင်းလှ စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် နည်းပြ ဆရာ/ဆရာမများတို့ဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းပို့ချခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်းတွင် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းတတ်ရောက်ခဲ့သည့်နည်းပြ (၉) ဦးက စာရင်းစစ်၊ စာရင်း ကောက်၊ စေတနာ့ဝန်ထမ်းများစုစုပေါင်း (၁၄၂) ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)