ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ကြံခင်း စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသင်တန်းဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရည်အသွေး ကောင်းမွန်သော သန်းခေါင်စာရင်းဖြစ်စေရန်အတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်နိုင်ရေးအတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရယူနိုင်ရန် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပါသည်။

ထို့နောက်သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်း (Tablet)နှင့် အသုံးအဆောင်ပစ္စည်းများကို သင်တန်းနည်းပြများ၊ သင်တန်းသားများအား မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ အတွင်းရေးမှူး မြို့နယ်(လဝက)မှ(ယာယီ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊သင်တန်းသား/သူ(၁၁၀)ဦးတက်ရောက်ကြကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၇)ဦးဖြင့် စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး၊ သင်တန်းကာလမှာ စက်တင်ဘာလ(၁၇)ရက်နေ့မှ စက်တင်ဘာလ(၂၈)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)