ပေါင်းတည် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် နည်းပြစာရင်းစစ်စာရင်းကောက်ခန့်အပ်လွှာများနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌက သင်တန်းနည်းပြဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သင်းတန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)