မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် (၆-၈-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးညှိနှိုင်းအစည်းအဝေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာစေရန်၊ အသားထုတ်လုပ်မှု ကဏ္ဍမြှင့်တင်ရေး၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ တိုးပွားလာစေရေး၊ ပြည်ပနို့နှင့် နို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို သင်တန်းများဖွင့်သင်ကြားပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများအား နွားမေထုန်မဲ့သားစပ်လုပ်ငန်းများ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ ဆရာ (၅) ဦးတို့က တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၂၂) ဦးတို့အား စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ အနီးကပ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)