ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ Montreal Protocol: Advancing Climate Action “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီ ဥတုပြောင်လဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့”ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှိုးဆော်ခြင်းဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ သည် ကမ္ဘာ့လေထု၏ဒုတိယအလွှာမှာရှိပြီး သက်ရှိများကို အလွန်အန္တရယ်ဖြစ်စေသည့် ခရမ်းလွန် ရောင်ခြည်ကို ကမ္ဘာမြေပြင်သို့ တိုက်ရိုက်မရောက်ရှိစေရန် ကာကွယ်ပေးသည့် သဘာဝ အကာအကွယ်တစ်ခုဖြစ်ကြောင်း၊ တန်ဖိုးရှိလှသည့် အိုဇုန်းလွှာကို လူသားများဖန်တီးထုတ်လုပ်သော ကလိုရင်းနှင့် ဘရိုမင်းကဲ့သို့ ဓာတ်ငွေ့များကြောင့် ထိခိုက်ပျက်စီးလျက်ရှိကြောင်း၊ လူပယောဂ ကြောင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးနေသည်ကို သိပ္ပံပညာရှင်များက ၁၉၇၀ နှစ်ခန့်တွင် လေ့လာတွေ့ရှိခဲ့ကြပြီး ၁၉၈၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံပေါင်း (၂၈) နိုင်ငံက အိုဇုန်းလွှာကာကွယ် ခြင်းဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၇)နိုင်ငံက လက်မှတ်ရေးထိုး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂအထွေထွေညီလာခံက အဆိုပါစာချက်ကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ် ဆောင်ပုဒ်နှင့်အညီ မိမိတို့ မှီတင်းနေထိုင်သည့် ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်သော သာယာလှပသည့် ကမ္ဘာကြီးဖြစ်လာစေရန် အသိပညာပေးရန်နှင့် အိုဇုန်းလွှာထိန်းသိမ်းရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Montreal Protocol: Advancing Climate Action “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်လဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” အသိပညာပေး Video Clip အား ပြသ သည်။

ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက် )