မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မုံရွာမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ဆန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေး‌က သန်းခေါင်စာရင်းသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့်ပတ်သက်၍ Video Click ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်သန်းခေါင် စာရင်းကော်မတီနှင့်တက်ရောက်လာသည့် စာရင်းစစ်/စာရင်းကောက် သင်တန်းသားများဖြင့် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်/စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့်သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများကို နည်းပြဆရာ/ဆရာမ ၉ ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၁၄၄ တို့အား စက်တင်ဘာ ၁၇ မှ ၂၈ ရက်နေ့အထိ ၁၂ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်း ကောက်ယူရာတွင် မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက် ၃၁ ခုတွင် ကောက်ကွက်ပေါင်း ၄၂၆  ကွက်တို့၌ စာရင်းစစ်/စာရင်းကောက် စုစုပေါင်း ၁၇၅ ဦးတို့က Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မထပ်မကျန်အောင် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)