ညောင်တုန်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက စက္ကော့ကျေးရွာ အခြေခံပညာနှင့်စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စက္ကော့ကျေးရွာ အခြေခံပညာနှင့်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်အေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအောင်ကြည်ထွန်းတို့က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်နှင့်စာရေးဆရာ မင်းဝေမှူးတို့က လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကို ဟောခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အချင်းချင်း အပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် လူငယ်များဗလငါးတန်ပြည့်စုံ၍ အနာဂတ် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများနှင့်အတူ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)