ပန်းတနော် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပန်းတနော်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်ရာ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အလွန်တာဝန်ကြီးမားသဖြင့် အလေးနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် အစီအမံကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်စုံမှန်ကန် ကျွမ်းကျင်ပိုင်နိုင်စွာ ကောက်ယူနိုင်မှသာ အရည်အသွေးကောင်းမွန်ပြီး အောင်မြင်သည့် သန်းခေါင်စာရင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ပန်းတနော်မြို့နယ် နည်းပြသင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးလွင်ဦးက သင်တန်းသားများအတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်း လမ်းညွှန်စာအုပ်များအား ပေးအပ်ရာ သင်တန်းသားများကိုယ်စား သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အဆင့် နည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူ (၁၉၅) ဦးတို့အား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စုစုပေါင်း ၁၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ဆက်)