မြောင်းမြ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၈း၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများ ချမှတ်နိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်ခေါင်းစာရင်းကို နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ဘဏ္ဍာငွေ အရင်းအမြစ်၊ စွမ်းအားဖြင့်သာ ဆောင်ရွက်နေတာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရရယူခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ခရိုင်အဆင့် နည်းပြဆရာများက စာရင်းစစ်/စာရင်းကောက် သင်တန်းသား၊ သင်တန်းသူ(၂၅၃)ဦးတို့အား စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့ အထိ စုစုပေါင်း (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)