အောင်လံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး(ဟောင်း)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး အောင်လံမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းကဆွေးနွေးပို့ချချက်များနဲ့ မိမိတို့၏အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး မြေပြင်အခြေအနေနဲ့ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်ဖို့ နည်းပြ ဆရာ/ဆရာမများနဲ့ သင်တန်းကာလမှာ အပြန်အလှန်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်က သင်တန်းသား၊ သင်တန်းသူများအား လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း သိကောင်းစရာများကိုရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာ/ဆရာမ(၁၄)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၁၄၉)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာ(၁၇)ရက်နေ့မှ(၂၈)ရက်နေ့ထိ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)