ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် သီးနှံ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ တောင်သူများအတွက် စပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများအတွက် တောင်သူများ သီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ စပါးမျိုးစေ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီနှံများ ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာအုပ်စု(၁၂)အုပ်စုမှ တောင်သူ ၉၆ ဦးအတွက် ရတနာတိုးစပါးမျိုးသန့်မျိုးစေ့ ၂၈၃ တင်းအား ထောက်ပံ့ပေးအပ်ရာ ဒေသခံတောင်သူတစ်ဦးက လက်ခံရယူပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)