ရေကြည်မြို့နယ်၌ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရေကြည် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ရေကြည် တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရေကြည်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းချစ်အေးက “ယခုသင်တန်းတက်ရောက်မည့် စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် မိမိတို့ကောက်ယူမယ့် စာရင်းများဟာ မိမိတို့မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိအသုံးဝင်မည့်ကိန်းဂဏန်းအချက် တွေဟာ မှန်ကန်တိကျမှသာလျှင် အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများဟာ စာရင်းစစ်၊ စာရင်းကောက်အဖြစ် ခန့်အပ်လွှာများ ရရှိချိန်မှစ၍ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ပြီးချိန်ထိ ပြည်သူ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများဟာ လူဦးရေနှင့်အိမ်ကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို လေးစား လိုက်နာပြီး သတ်မှတ်ကာလအတွင်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာ တိတိကျကျ မထပ်မကျန် ကောက်ယူနိုင်ရေး ယခုသင်တန်းတွင် ကြိုးစားလေ့လာသင်ယူ မှတ်သားကြရန် ပြောကြားခဲ့သည်။

ရေကြည်မြို့နယ်အနေနဲ့ ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇)ခု၊ ရပ်ကွက်ကျေးရွာ(၅၂၃)စု ရှိပြီး၊ ရပ်ကွက်/ကျေးရွာ အားလုံးကို သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရာနှုန်းပြည့် ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာမှာ အိမ်ထောင်စု စာရင်း ကောက်ကွက်ပေါင်း(၄၇၇)ကွက်ရှိပြီး စာရင်းကောက် အဖွဲ့ပေါင်း(၃၃)ဖွဲ့နှင့် စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၁၈၂)ဦးအား ရွေးချယ်ခန့်ထားပြီး ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးရဲသီဟထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ရေကြည်မြို့နယ် အတိုင်းအတာအနေဖြင့် (၄)နေရာခွဲ၍ သင်ကြားပို့ချပေးမှာဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)