မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်းကိုလာမည့် အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်ကြောင်း၊ မော်လမြိုင်ကျွန်း မြို့မယ်အနေဖြင့် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှု တိုင်းဒေသကြီး/ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီတို့၏ ပူးပေါင်းဆောင်ရွင်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကအကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်သူများ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွက် အလေးထား ဆောင်ရွက်စေလိုကြောင်း၊  နည်းပညာများ တိုးတက်လာတာနှင့်အတူ ယခင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းနှင့်မတူဘဲ နည်းပညာအသုံးပြု စာရင်းကောက်ယူ နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံး၏ စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်း၊ CAPI စနစ် တည်ဆောက်ခြင်းနှင့် စာရင်းကောက်ယူမည့် Application ရေးသားခြင်း၊ မေးခွန်းပုံစံနှင့်လက်ကမ်းစာစောင်များ ပြုစုပုံနှိပ်ခြင်း၊ စာရင်းစစ်/ စာရင်းကောက်များဖွဲ့စည်း ခြင်း၊ စာရင်းစစ်/စာရင်းကောက် အသုံးဆောင်ပစ္စည်းများနှင့် လူထုအသိပညာပေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အနေဖြင့် စာရင်းစစ်/စာရင်းကောက် (၂၉၄) ဦးခန့်အပ်တာဝန်ပေးအပ်ထားကြောင်း၊ စနစ်တကျလေ့လာသင်ယူပြီး သင်တန်းသားများ နားလည်သဘောပေါက်အောင်သင်ကြားပေးရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြသော သင်တန်သား စာရင်စစ်/စာရင်းကောက် ဆရာ/ ဆရာမများ၊ စိတ်ပါဝင်စားသူများအနေဖြင့် ပေးအပ်သော တာဝန်များကို အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာ ကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ကြစေရန်လိုအပ်ကြောင်း၊  အဆိုပါသင်တန်းကို (၁၇-၉-၂၀၂၄) ရက်နေ့မှ (၂၈-၉-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များက စာရင်းစစ်/ စာရင်းကောက်သင်တန်းနည်းပြများထံသို့ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစောဝဏ္ဏက တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများအား လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)