စေတုတ္တရာ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် (၂၅)ကုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် Hospital Family Day ဆေးရုံမိသားစုနေ့အခမ်းအနားနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများထံ အာဟာရပစ္စည်းများထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က စေတုတ္တရာမြို့နယ် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားရာတွင် ၁၉၅၇ ဒီဇင်ဘာတွင် ကျေးလက်ကျန်းမာရေးဌာန (RHC) အဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၆၃ ဩဂုတ်လ၌ (၁၆) ကုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၀၃ ဇူလိုင်တွင် (၂၅) ကုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် တိုးတက်ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ ဆေးရုံစတင်တည်ဆောက်ခဲ့သော ၁၉၅၇ ခုနှစ်မှ ယနေ့ ၂၀၂၄ အထိ နှစ်ပေါင်း (၆၇) ခုနှစ်အဖြစ် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆေးရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု၊ အခြေခံအဆောက်အဦများ၊ ဆေးဝါးစက်ပစ္စည်းကိရိယာများ၊ လူနာတက်ရောက်ကုသမှု တိုးတက်များပြားလာမှု၊ ဆေးရုံမှ လူနာများအား အခမဲ့ဆေးဝါးထောက်ပံ့မှုအခြေအနေနှင့် ဆေးပဒေသာပင် ရန်ပုံငွေထောက်ပံ့မှု၊ အရပ်ဘက်ပရဟိတအဖွဲ့တို့မှ ဆေးရုံတက် ဆင်းရဲနွမ်းပါးလူနာများအား ငွေကြေးထောက်ပံ့မှု၊ အရေးပေါ်သွေးရရှိမှုအတွက် သွေးလှူရှင်အသင်းမှ ကူညီပံ့ပိုးပေးနေမှုနှင့် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီတို့ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Hospital Family Day နေ့အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံတက်လူနာများထံ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး အာဟာရဖြစ်စေမည့် ပစ္စည်းများအား ထောက်ပံ့မှုများပြုလုပ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)