ကန့်ဘလူ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများချမှတ်ရာတွင် အရေးကြီးသည့် လူဦးရေးနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်အဆင့် သင်တန်းနည်းပြခန့် အပ်လွှာများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပေးအပ် ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၄၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်ထိ ၁၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)