တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်

ထားဝယ်   စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ မိုးနှောင်းရာသီကာလဖြစ်သော်လည်း စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော တောင်သမုဒ္ဒရာတွင်ဖြစ်ပွားခဲ့သည့် မုန်တိုင်းကြောင့် ထင်မှတ်မထားသော ပစ္စည်းဆုံးရှုံးမှု များပြားခဲ့ကြောင်း၊ သေကြေပျက်စီးမှုများ၊ ပစ္စည်းဆုံးရှုံးမှုများ၊ ပျောက်ဆုံးမှုများ၊ အိမ်ပျက်စီးမှုများ၊  တိရစ္ဆာန်ပျောက်ဆုံးသေဆုံးမှုများ၊ ဒုက္ခများစွာကြုံတွေ့ခဲ့ရကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘေးအန္တရာယ်မကျ ရောက်သည့်အတွက်ကံကောင်းသည်ဟု ဆိုရကြောင်း၊ နေပြည်တော်အပါအဝင် တိုင်း(၆)တိုင်းဖြစ်ပွားခဲ့ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုကနေတဆင့် ကြုံတွေ့ခဲ့ရကြောင်း၊ တိုင်းဒေသကြီးသည် မိုးများသောဒေသဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ တောင်ပြိုကျမှုများရှိပြီး ကမ်းရိုးတန်းဒေသတိုင်းဖြစ်သောကြောင့် ဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် မဖြစ်ခင်ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းများ၊ ဖြစ်ပွားလာပါကဝိုင်းဝန်း၍ကူညီဆောင်ရွက်မှုများ၊ ဖြစ်ပွားပြီးပါကပြန်လည်၍ စာရင်းကောက်ယူမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ နှစ်သိမ့်အားပေးမှုများ၊ လိုအပ်သည်များကို ကူညီပံ့ပိုးမှုများလိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် သဘာဝအလျှောက် ဖြစ်ပေါ်လာသည့်အတွက် တားဆီး၍မရနိုင်သောကြောင့်  ဌာနဆိုင်ရာများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ ကြိုတင်စီမံရမည့်လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊  သတင်းနှင့်ပြန်ကြားရေး၊  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြန်လည်ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး စသည့်လုပ်ငန်းကော်မတီများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)