မကွေး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ မြို့နယ်အဆင့် နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မင်းဘူးမြို့၊ ဦးသြဘာသခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မင်းဘူးခရိုင် သန်းခေါင်စာရင်းကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ မင်းဘူးမြို့ပေါ်ရပ်ကွက် သန်းခေါင်စာရင်းကော်မတီဝင်များ၊ မင်းဘူးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အတွင်းရှိ လဝကဝန်ထမ်းများ၊ စာရင်းစစ်/ စာရင်းကောက်များ၊ ခရိုင်အဆင့် နည်းပြသင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/သူများအား ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ဖို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေတာပဲဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုတာ လူဦးရေဆိုင်ရာအကြောင်းအရာ၊ စီးပွားရေး/လူမှုရေးဆိုင်ရာ အကြောင်းအရာများကို တစ်နိုင်ငံလုံး ဒါမှမဟုတ် သတ်မှတ်နယ်မြေတစ်ခုမှာ လူတိုင်းကို တစ်ချိန်တည်း တစ်ပြိုင်တည်းကောက်ယူရတဲ့ လုပ်ငန်းဖြစ်ပါကြောင်း၊ မှတ်ပုံတင်စာရင်းအင်း စနစ်တွေပြည့်စုံတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် သန်းခေါင်စာရင်းကို(၁၀)နှစ် တစ်ကြိမ်ပုံမှန်ကောက်ယူလေ့ရှိကြောင်း၊ နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို စီမံဆောင်ရွက်နိုင်ဖို့အတွက် တိကျမှန်ကန်တဲ့ လူဦးရေဆိုင်ရာကိန်းဂဏန်းတွေ အမှန်တကယ်ရရှိရန် လိုအပ်နေတယ်ဆိုတဲ့အချက်ကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့တဲ့(၃)နှစ်ကတည်းကစတင်၍ အချိန်ယူဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ နည်းပညာများ တိုးတက်လာတာကြောင့် ယခင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းများနဲ့မတူပဲ နည်းပညာအသုံးပြုစာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ယခုအခါမှာတော့ တစ်နိုင်ငံလုံးရဲ့ စာရင်းကောက်ကွက်မြေပုံများဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် စာရင်းကောက်ယူမယ့် Application ရေးသားခြင်း၊ မေးခွန်းပုံစံနဲ့ လက်စွဲစာစောင်များပြုစုပုံနှိပ်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက်အသုံးအဆောင်ပစ္စည်းများနဲ့ လူထုအသိပညာပေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်ခြင်းစတဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတော်တော်များများကို ဆောင်ရွက်ခဲ့ပြီးဖြစ်လို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့်နည်းပြသင်တန်းများအထိ ဖွင့်လှစ်ပြီးစီးခဲ့ပြီး၊ ယခုအခါ မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းများအား မြို့နယ်အလိုက် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူမည့် ခရိုင်(၅)ခရိုင်ရှိ မြို့နယ်(၁၇)မြို့နယ်တွင် မြို့နယ်အဆင့်သင်တန်းပေါင်း(၄၃)ခု၊ သင်တန်းသား/သင်တန်းသူ(၁၉၀၃)ဦး တက်ရောက်မည်ဖြစ်ပြီး၊ ယခု မင်းဘူးမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို သင်တန်းသား/သင်တန်းသူ(၁၄၉)ဦး တက်ရောက်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြတဲ့ သင်တန်းသား/ သင်တန်းသူများအနေနဲ့ ပေးအပ်ထားတဲ့ တာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ကြဖို့ မကွေးတိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအနေဖြင့် တာဝန်ပေးအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သင်တန်းနည်းပြ(၁၂)ဦးမှ တစ်ဦးချင်းမိတ်ဆက်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ သင်တန်းပို့ချမှု ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ