ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

ပုသိမ် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ကျင်းပသည့်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး အထိမ်းအမှတ်အခမ်းအနားသည်  အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း  လုပ်ငန်းစဉ်များကို ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုအနေဖြင့် လက်ရှိနှင့် နောင်အနာဂတ် မျိုးဆက်များအတွက် အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရန်နှင့် သက်ရှိများအတွက်ပါမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၌ ပြည်သူလူထု ပူးပေါင်းပါဝင်မှုမြှင့်တင်ရန်၊ မွန်ထရီရယ် နောက်ဆက်တွဲစာချူပ်သည် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးအပြင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများအတွက်ပါ ထိရောက်မှုရှိပြီး အောင်မြင်မှုအများဆုံးရရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သည်ကို အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး နှိုးဆော်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ လူသားများအပါအဝင် သက်ရှိများအားလုံး ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အိုဇုန်းလွှာသည်များစွာ အထောက်အပံ့ပေးလျက်ရှိပါကြောင်း၊ အိုဇုန်းလွှာသည် နေရောင်ခြည်မှလာသည့်  ခရမ်းလွန်ရောင်ခြည်လှိုင်းများ ကမ္ဘာ့မြေပြင်ပေါ်သို့ မကျရောက်စေရန်အတွက် ကာကွယ်ပေးလျက်ရှိပြီး သဘာဝအကာအရံတစ်ခုအဖြစ် တည်ရှိနေသည့်အတွက် ကမ္ဘာပေါ်ရှိ လူသားများအပါအဝင် သက်ရှိများအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ“Montreal Protocol: Advancing Climate Action” “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ အဓိပ္ပာယ်သည် လက်ရှိကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးစေရန်ဖြစ်ပါကြောင်းနှင့် လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကို ကောင်းမွန်သည့် အိုဇုန်းလွှာဖြင့် ကာကွယ်ပေးပြီး ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးနိုင်စေရန်အတွက် ယနေ့အခမ်းအနားကို  တက်ရောက်လာသူများအနေဖြင့် တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့်သော်လည်းကောင်း အရေးပါသည့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်း”တိုက်တွန်းအမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၊ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Anderson၏ ဗီဒီယို Message နှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆုနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ပထမဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ဒုတိယဆုရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆုနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ တတိယဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် နှစ်သိမ့်ဆုပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄၊ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)