ငွေဆောင်မြို့၌ “ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း”ဖွင့်ပွဲ အခမ်းအနားကျင်းပ

ငွေဆောင် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်( ၉း၃၀) နာရီက ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဟိုတယ်ဝန်ထမ်းများ၏ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်လှစ် နိုင်သည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန် တာဝန်ရှိသူများ၊ ဟိုတယ် GM ၊ မန်နေဂျာများနှင့် ဟိုတယ်ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

အဆိုပါဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းတွင် အိမ်ခန်းဆောင်သင်တန်း၌ သင်တန်းသား/သူ(၃၀)ဦး၊ ဧည့်ကြိုသင်တန်း၌ သင်တန်းသား/သူ(၂၇)ဦး၊ အစားအသောက်နှင့် အဖျော်ယမကာသင်တန်း၌ သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း (၈၇)ဦး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ (၁၆.၉.၂၀၂၄)ရက်နေ့မှ (၁၁.၁၀.၂၀၂၄) ရက်နေ့ထိ ဖြစ်ပြီး ယမုံနာဦးဟိုတယ်ခန်းမ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

R –014( ငွေဆောင်)