ဇလွန်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းဖွင့်လှစ်

ဇလွန် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း  အမျိုးသားကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဇလွန်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင်က သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အရည်အသွေးကောင်းမွန်သော သန်းခေါင်စာရင်းဖြစ်စေရန်အတွက် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် သင်တန်းလမ်းညွှန်စာအုပ်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ သင်တန်းအား စက်တင်ဘာ(၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)