ကျွန်းလှမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ကျွန်းလှ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး လဝက ဦးစီးမှူး ဦးဖြိုးလျံမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်းအရာများ၊ လူဦးရေဆိုင်ရာအချက်အလက်၊ ပြည်တွင်း ပြည်ပပြောင်းရွေ့သွားလာမှု၊ ပညာရေးဆိုင်ရာ၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်းစွမ်းမှု၊ အိမ်အကြောင်းအရာ၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု၊ အဖွဲ့အစည်းနှင့်သမရိုးကျ အိမ်ထောင်စု၊ CAPI သင်ခန်းစာများကို သင်တန်းသား၊ သင်တန်းသူ (၂၇) ဦးအား သင်တန်းကာလ(၁၂) ရက်ကြာ စာတွေ့လက်တွေ့ပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ကျွန်းလှမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို