အထက်မင်းလှ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အိမ်ထောင်စုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်၊ ၂၀၂၄-၂၀၂၅ ခုနှစ်၌ သီးနှံများစိုက်ပျိုး ရာတွင်သီးထပ်စွမ်းအား မြှင့်တင်ရေးပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး၊ ဆီထွက်သီးနှံအထူးဇုန်ဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ လုံခြုံရေးဂရုပြုဆောင်ရွက်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများ၊ လယ်၊ ယာမြေများတွင် ခွင့်ပြုချက်မဘဲ ကျူးကျော်နေမှုများအား စိစစ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရန်တို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အိမ်ထောင်စု လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးစသည်တို့အား အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)