ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၇

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရွှေတောင်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းထူးက သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပစ္စည်းများပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့် သန်းခေါင်စာရင်း ဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၉)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၁၅၂)ဦးကျော်တို့အား ရွှေတောင်မြို့နယ်ခန်းမ၊မြို့နယ်စည်ပင်ခန်းမနှင့် အ.ထ.က(ရွှေတောင်)ကျောင်းတို့တွင် စက်တင်ဘာ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစ၍ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူရာတွင် ရွှေတောင်မြို့နယ်အတွင်းရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၈)အုပ်စု၊ ကောက်ကွက်ပေါင်း(၄၂၅)ကွက်တို့၌ တပ်ရင်းတပ်ဖွဲ့စာရင်းစစ်၊ စာရင်းကောက်အပါအဝင် စာရင်းစစ်(၃၄)ဦး၊ စာရင်းကောက်(၁၂၇)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)